ဘိန်းစိုက်ခင်းများက ပိုးမွှားပြဿနာနဲ့ ရင်ဆိုင်လာရတာမက ဘိန်းတောင်ယာကြောင့် စားကျက်ရှားပါးလာတဲ ရှဉ့်၊ ကြက်တူရွေး၊ ဖြူ နှင့် မြောက် တို့လဲ ဘိန်းသီးများ၊ ဘိန်းပင်များကို ၀င်ရောက်စားကြ ဖျက်ဆီးကြတာကိုလဲ ရင်ဆိုင်လာကြရတယ်။ အဲဒီတိရိစ္ဆာန်များလဲ လူတို့ ဘိန်းစွဲသလို သူတို့လဲ ဘိန်းသီး ဘိန်းပင် မစားရပါက မနေနိုင်တာကြောင့် ဘိန်းစိုက်ခင်းအတွင်းရှိ လူများကို မကြောက်ဘဲ ၀င်ရောက်စားကြတာကိုလဲ တွေ့ရတယ်။ ဘိန်းသီးဘိန်းပင်များကို တိရိစ္ဆာန်တို့ရဲ့ ဖျက်ဆီးတဲ့ အန္တာရယ်ကို ကာကွယ်ရန် ဘိန်းစိုက်တောင်သူတို့က ဘိန်းသီးများကို အဆိပ်ခတ်ပြီး ရှဉ့်၊ ကြက်တူရွေးတို့ ၀င်လာတဲ လမ်းကြောင်းကို ထားခဲ့ပြီး အဆိပ်ခတ်အစာ စားစေတာကြောင့် အဲဒီတိရိစ္ဆာန်များဟာ နောက်ပိုင်းတော့ ဘိန်းခြံအနီးတစ်ဝိုက်တွင် မျိုးသုန်းလုနီးပါးဖြစ်လာခဲ့ရတယ်။

ဘိန်းခြံညံဖျင်းတဲ့ တောင်သူများလဲ မိမိတို့ လုပ်အား၊ အခွန်နဲ့ ရင်းနှီးမှုငွေများကို ပြန်ကာမိအောင် ဘိန်းခြံကို ခြံစည်းရိုးနဲ့ သေချာကာထားပြီး တောမှာလွတ်ထားသော ကျွဲ၊ နွား၊ မြင်းများကို ဖမ်းဆီးပြီးတော့ ကာထားတဲ့ ဘိန်းခြံတွင်းဆွဲထဲ့ကာ ဘိန်းပင်များကို စားစေခဲ့တယ်။ ဘိန်းပင်ကို စားမိသော ကျွဲနွားများဟာ နေ့စဉ် ရက်တိုင်း ဘိန်းပင်မစားရပါက နှာခေါင်းရည်ယိုပြီး သူတို့စားဖူးတဲ့ ဘိန်းပင်နေရာသို့ ပြေးလွားသွားကြတယ်။ သေချာကာထားတဲ့ ဘိန်းခြံများကို သူတို့ခန္ဓာကိုယ်နဲ့ မရရအောင် ဖြိုဖျက်ကြတယ်။ အဲလိုဖြိုဖျက်ပြီး ဘိန်းစိုက်ခင်းကို ၀င်စားတဲ့ ကျွဲနွားများကို ခြံပိုင်ရှင်က ဖမ်းဆီးထားပြီး ဖျက်ဆီးခံရတဲ့ ဘိန်းခင်းများကို လျော်ကြေး ပြန်တောင်းခဲ့တယ်။ လျော်ကြေးမပေးပါက ဖမ်းထားတဲ့ ကျွဲနွားများကို ပိုင်ရှင်ခိုင်းစားမရအောင် ပုံမှန်လမ်းမလျှောက်နိုင်အောင် ကျွဲနွားခြေကြောမကြီးကို ဓါးနဲ့ခုတ်ဖြတ်ထားခဲ့ကြတာကိုလည်း ကျွဲနွားပိုင်ရှင်တွေက ထိုပြသာနာကို မကြာခဏ ကြုံတွေနေကြတယ်။ အဲဒီပြသာနာကို ဖြေရှင်းဖို့ ဘယ်နေရာမှ မတိုင်ရဲကြဘူး။ အကြောင်းကတော့ ဥပဒေနှင့် မကင်းလွတ်တဲ့ အလုပ်ကို လုပ်ကိုင်ကြလို့ဖြစ်တယ်။ အဲဒီပြသာနရဲနောက်ဆက်တွဲကတော့ တစ်ဦးကိုတစ်ဦး အမုန်းပွားမှုနှင့် မကောင်းကြံမှုတွေဘဲ အဖတ်တင်လာကြတယ်။

ဘိန်းတောင်ယာများဟာ မြေပြန့်မှာ စိုက်ကြတာရှိပေမယ့် အများအားဖြင့် သွားလာလို့ ခက်ခဲတဲ့ မြင့်မားတဲ့ တောင်ကြောဒေသမှာ စိုက်ပျိုးကြတာများတယ်။ ဘိန်းစိုက်ခင်းအတွက် လိုအပ်တဲ့ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးဖြန့်ဖို့အတွက် လိုအပ်တဲ့ရေတွေကို ဘိန်းစိုက်တောင်သူတွေက တစ်တောင်တက်တစ်တောင်ဆင်းဖြင့် ခက်ခဲစွာ သယ်လာရပါတယ်။ လေးလံတဲ့ ပစ္စည်းများကို ကြမ်းတမ်းတဲ့ လမ်းဖြင့် လူအားနှင့် သယ်လာရပါတယ်။ အဲဒီလှုပ်ရှားမှုရဲ့ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ပင်ပမ်းမှုနှင့် အကြောကိုက်ခဲမှု ဝေဒနာများကို ပျောက်ကင်းအောင် ဖြေရှင်းတဲ့နည်းကတော့ အရက်သောက်ခြင်း၊ သို့မဟုတ် ဘိန်းရှုခြင်းပဲဖြစ်တယ်။

ခန္ဓာကိုယ်ကိုက်ခဲ ညောင်းညာပါက မိမိတို့ ဘိန်းခြံမှာ ဘိန်းစီးကို အလူတကူ ရယူနိုင်တဲ့အတွက်ကြောင့် အဲဒီဘိန်းစီးများကို မိမိတို့သောက်တဲ ဆေးပေါ့လိပ်ပေါ်မှာ ပါးပါးလေး ကပ်လိမ်းထားပြီး သောက်ကြတယ်။ လူငယ်တွေက များသောအဖြင့် ဆေးလိပ်စွဲကြတာများတယ်။ တောတောင်မှာ ဖြုတ်ကောင်တွေ ခြင်တွေရဲ့အန္တရယ်ကို ဆေးလိပ်အငွေ့ဖြင့် ကာကွယ်နိုင်တယ်ဆိုပြီး သောက်ကြတယ်လို့ အများအားဖြင့် အဲလိုပြောကြတယ်။ အဲဒီမှတစ်ဆင့် ခန္ဓာကိုယ်ကိုက်ခဲမှုပြသာနာကို ဖြေရှင်းရန်အတွက်ဆိုပြီး ဘိန်းစီးလိမ်းထားတဲဆေးပေါလိပ်မှတဆင့် ဘိန်းစွဲလာကြတာဖြစ်တယ်။

အရက်နှင့် ဘိန်းစွဲနေသူတွေရဲ့ သားသမီးတွေ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ အရွယ်က (၇)နှစ် (၈)နှစ်လောက်ဘဲ ရှိသေးတဲ သူတို့သားသမီးတွေက မနက်မိုးလင်းတာနဲ့ အရက်ဆိုင်ရှေ့မှာ ဆံပင်ဖွားဖွား ဘိနှပ်လည်းမပါ လက်နှစ်ဖက်ပိုက်ထားပြီး အရက်ပုလင်းက ပိုက်ထားတဲ့ဘယ်လက်ချိုင့်ကြားမှာ ထိုးထားပြီးတော့ ဆိုင်ရှင်ကို လန်းခေါ်နိုးနေကြတာကို ကျနော်ခေတ္တနေဖူးတဲရွာများမှာ မကြာခဏတွေ့ရတယ်။ သူတို့မိဘက မနက်စောစော အရက်စာဘိန်းစာလို့ သူတို့ကို အရက်သွားဝယ်ခိုင်းတာဖြစ်မယ်။ အဲဒါကြောင့် ဘိန်းစိုက်တဲ့ကျေးရွာ လူမှုအသိုင်းအ၀ိုင်းထဲ့မှာ အမျိုးသမီးတွေက အရက်စွဲတာများလာတယ်။ ယောင်္ကျားတွေက ဘိန်းစွဲကြတာများတယ် အထူးသဖြင့် လူလတ်ပိုင်းတွေဖြစ်တယ်။

ရွာသားတွေဟာ ဘိန်းစွဲလာကြတဲ့ နည်းလမ်းနောက်တမျိုးကတော့ ဘိန်းရောင်းဝယ်ရေး လုပ်တဲ့နေရာမှာ ဖြစ်တယ်။ ဘိန်းရောင်းဝယ်တဲ့သူတွေဟာ သက်ဆိုင်ရာ အာဏာပိုင်များဖြစ်သော ကျေးရွာဥက္ကဋ္ဌ၊ ပုလိပ်၊ ဒေသတွင်းအာဏာပိုင်၊ စစ်တပ်၊ မူးယစ် ထောက်လှမ်းရေး စသဖြင့် ဖွံ့ဖြိုးရေးအတွက် ဆိုတဲ့ခေါင်းစဉ်လေးကို အလွဲသုံးစားပြီး အဲဒီအာဏာပိုင်တွေကို ဘိန်းပွဲစားတွေက အခွန်အဆင့်ဆင့်ပေးဆောင်ရတယ်။ ကျေးရွာဥက္ကဋ္ဌကလည်း သူသတ်မှတ်ထားတဲ့အခွန်နှုံးကို ဘိန်းပွဲစားတွေ မပေးနိုင်ဘူးဆိုရင် သူ့ရွာကို ၀င်ခွင့်မပေးဘူး။ ကျေးရွာဥက္ကဋ္ဌဟာ ဘိန်းပွဲစားဆီက ရတဲ့အခွန်ငွေနှင့် ဘိန်းစိုက်တောင်သူတွေထံမှ ကောက်ရတဲ့အခွန်ငွေတွေကို ရဲ၊ မူးယစ်၊ စစ်တပ်တို့ ရွာရောက်လာရင် သူတို့ကို အခွန်ပြန်ဆက်သပေးရတယ်။ ဘိန်းပွဲစားတွေဟာ ဘိန်းဝယ်ရဖို့အရေး ရွာဝင်နိုင်ရေးအခွန်၊ လမ်းကြောင်းသွားလာ လွတ်လပ်လွယ်ကူရေးအခွန်၊ ဒေသအတွင်းလွတ်လွတ်လပ်လပ် နေထိုင်လှုပ်ရှားနိုင်ရေးအခွန်ဆိုတော့ ဘိန်းဝယ်ရဖို့အရေး အခွန်အတွက် ငွေအများကြီး ရင်းနှီးရတယ်။ အဲဒါကြောင့် ဘိန်းပွဲစားတွေဟာ ဘိန်းစိုက်တောင်သူထံမှ ဘိန်းစီးတွေကို ဈေးနှိမ်ပြီးဝယ်ကြတယ်။

ဘိန်းစိုက်တောင်သူ များလည်း ဈေးနှိမ်ခံရတဲ့အတွက် သူတို့ရင်းနှီးထားတဲ့ ကာယအား၊ ဓါနအားတွေကို ပြန်ကာမိနိုင်ဖို့ ဘိန်းစီးရောင်းတဲ့အချိန်မှ နည်းလမ်းတွေရှာလာကြတယ်။ ဘိန်းပင်တွေကို ဒယ်အိုးကြီးထဲ့မှာ ရေနှင့်ကြိုပြုတ်ပြီး ဘိန်းပင်က ထွက်လတဲ့ အစီးအနယ်များကို ရေခမ်းအောင် ပြုတ်ထားတယ်။ ရေခမ်းပြီး ထိုင်ကျန်နေတဲ့ ဘိန်းပင်အနယ်တွေကို ဘိန်းစီးနှင့် ပြန်ရောတယ်။ တချို့က ဘိန်းပန်းရွက်ဖတ်တွေကို ကျေအောင်လုပ်ပြီး ဘိန်းစီးနှင့်ပြန်ရောတယ်။ တချို့က လုပ်သားမောင်စားဆေးကို ဘိန်းစီးနှင့် ရောနှယ်လိုက်တယ်။ အဲလိုလုပ်ခြင်းအားဖြင့် ဘိန်းစီးတွေ အလေးချိန်တိုးလာအောင် လုပ်ရခြင်းဖြစ်တယ်။ အဲလိုတခြားပစ္စည်းနှင့်ရောပြီးလုပ်ထားတဲ့ ဘိန်းစီးတွေကို ၀ယ်မိတဲ့ ဘိန်းပွဲစားတွေက အရှုံးပေါ်တယ်။

အကြောင်းက အဲလိုမျိုးဘိန်းစီးဟာ ဘိန်းဖြူချက်လို့မရတော့ဘူး ယာဘားချက်လို့လည်း နည်းနည်းဘဲရတယ်လို့ ဆိုတော့ နောက်ပိုင်းတွင် ဘိန်းပွဲစားတွေက ဘိန်းဝယ်ရင် ကျေးရွာက လူတစ်ဦးဦးကိုခေါ်ပြီး သောက်ခိုင်းကြည့်တယ်။ ဘိန်းစီးစစ်မစစ် စစ်ဆေးတဲ့နည်းပေါ့။ ဘိန်းစီးစစ်မစစ် သောက်ကြည့်စစ်ဆေးပေးတဲ့ အဲဒီရွာသားတစ်ဦးဦးကို ဘိန်းအရမ်းစွဲလာပြီဆိုရင်တော့ နောက်ဆို အဲဒီဘိန်းပွဲစားတွေက သူကို မသုံးတော့ဘူး။ နောက်ထပ် ဘိန်းမစွဲသေးတဲ့လူအသစ်ကို ပြန်ရှာပြီး အသုံးချတယ်။ အဲဒီလုပ်ရပ်တွေကြောင့် ဆင်းရဲတဲ့ရွာသားတွေဟာ ဘိန်းစွဲလာတဲ့ဦးရေ ပိုများလာတယ်။ အဲဒါအပြင် ဘိန်းစီးတွေကို တခြားပစ္စည်းနဲ့ ရောပြီလုပ်ထားတတ်တဲ့ ဘိန်းတောင်သူများကိုလည်း ဘယ်သူလက်ချက်တော့ မသိဘူး လုပ်ကြံခြင်းကို ခံကြရတယ်။

ကျနော်ကြုံဖူးတဲ့ လုပ်ကြံမှုကတော့ ဟိုပုန်းမြို့အရှေ့ဘက်တောင်တန်းပေါ်က ထီခမ်းရွာ တစ်ရွာရှိတယ်။ ရွာက သိပ်မကြီးပါဘူး။ သူငယ်ချင်းတစ်ယောက်က အဲဒီရွာက ကောင်းမလေးတစ်ယောက်နဲ့ ရတော့ သွားလယ်ဖြစ်တယ်။ သွားလယ်ချိန်မှာ ရွာသားတစ်ယောက်က ဘိန်းခြံမှာ လုပ်ကြံခြင်းခံရတဲ့အချိန်ဖြစ်တယ်။ ၂၀၀၅ ခုနှစ်တုန်းကပေါ့။ အဲဒီအချိန်မှာ ဘိန်းတိုက်ဖျက်ရေး စစ်ဆင်မှုမစခင်အချိန်ဖြစ်တယ်။ လုပ်ကြံခံရတဲ့ ရွာသားတဦးကတော့ အရင်က သူ့ဘိန်းစီးတွေကို လုပ်သားမောင်စားဆေးအများအပြားနှင့် ရောပြီးရောင်းလိုက်တယ်။ ၀ယ်မိတဲ့သူက အရှုံးပေါ်တယ်။ သူသေရတဲ့အကြောင်းရင်းကိုတော့ မည်သူလက်ချက်မှန်း မဖော်ထုတ်နိုင်ဘူး။ ဟိုပုံးမြို့ရဲများလာစစ်ဆေးပေးပေမယ့် ရာဇာဝတ်ကောင်ကို မဖော်ထုတ်ပေးဘဲ ၎င်းရဲ့ ကျန်ရစ်မိသားစုများကို ဘိန်းစိုက်တဲ့အတွက်ကြောင်း ဒဏ်ငွေထပ်ရိုက်တယ်။

အဲဒီမိသားစုလည်း ဒဏ်ငွေပေးဆောင်ရန်အတွက် ယခင်ကတည်း ၎င်းတို့ ပိုင်ဆိုင်တဲ့ ဟိုပုံးမြို့တိုက်အိမ်ကြီးကိုလည်း ရောင်းပြီး ဒဏ်ငွေ သိန်းဆယ်နဲ့ချီပြီး ပေးဆောင်လိုက်ရတယ်။ အခြားသောအရပ်ဒေသများလည်း ဘိန်းလုပ်ငန်းမှာ ဂုဏ်ပကာဓါန ပြိုင်ဆိုင်မှုကြောင့် အချင်းချင်းလုပ်ကြံပြီး သတ်ဖြတ်ဖြောင့်ဖျမှုခံရခြင်း၊ မမြင်ကောင်းလောက်အောင် အချင်းချင်းရွာတွင်းမှာ ဓါးဖြင့်ထိုးသတ်ကြခြင်း စတဲ့ပြသာနာတွေ ယခင်က မဖြစ်ဖူးဘဲ ဘိန်းစိုက်လောကရောက်မှ ဖြစ်လာသည့် မိုက်မဲမှုကို ကြားလိုက်ရ တွေ့ခွင့်ရလိုက်တယ်။

ဘိန်းရောင်းဝယ်ဖူးသော အမျိုးသမီးတစ်ဦးကို သူတို့တစ်နေမှ တစ်နေရာသို့ ဘယ်လိုမျိုးသယ်သွားလဲ။ စစ်ဆေးရေးဂိတ်ကို ဘယ်လိုမျိုးဖြတ်သွားလဲလို့မေးကြည့်တော့ သူက တစ်ခါသယ်ရင် အများကြီးမသယ်ဘူး ဆိုင်ကယ်ထိုင်ခုံအောက်က ထဲ့ဆန့်လောက်ဘဲသယ်တယ်တဲ့။ သူသယ်သွားနေတဲ့ လမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျပုလိပ်များကို တစ်ယောက်စနှစ်ယောက်စဖြင့် သူမိတ်ဖွဲ့ထားခဲ့တယ်။ သူဘိန်းယူသွားတော့မယ်ဆိုရင် အဲဒီပုလိပ်ကို အရင်အကြောင်းကြားပြီးတော့ ဂိတ်မရောက်ခင်မှ ချိန်းထားလိုက်တယ်။ ပြီးမှ ပုလိပ်က ဘိန်းပါတဲ့ ဆိုင်ကယ်ကို စီးပြီး ဂိတ်ကြီးကို မောင်းဖြတ်ပေးလိုက်တယ်။ အထူးသဖြင့် ပုလိပ်တွေ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလုပ်တာဝန်ချိန် လဲကြသည့်အချိန်ဖြစ်တယ်။ ပုလိပ်စီးတဲ့ဆိုင်ကယ်ဆို ဂိတ်ဖြတ်ရင် ဂိတ်မှာတာဝန်ကျ ပုလိပ်က မစစ်ဘူးဆိုတော့ သယ်လို့ရတာပေါ့။ ထိုက်တန်တဲ့ပိုက်ဆံ လဒ်ထိုးပေးနိုင်ရင် ဘာမဆို လုပ်လို့ရပါတယ်တဲ့။

အပိုင်း(၇)သို့

မှတ် ချက်
(ကျနော် ကြုံတွေ့မြင်ဖူးတဲ့ ပတ်ဝန်းကျင်မှာ ဘိန်းစိုက်ပျိုးရေးကြောင့် ဖြစ်လာတဲ့ပြသာနာများရဲ့ ဖြစ်ပျက်မှုတွေကို ဝှေငှာချင်တဲ့ဆန္ဒဖြင့် ဒီစာကို အချိန်ရသလို ရေးလိုက်တယ်။ ဆက်ရေးချင်တဲ့ ဆန္ဒရှိပေမယ့် စားဝတ်နေရေး အခက်အခဲကြောင့် အချိန်ကာလ လနဲ့ချီပြီးမှ အဆက်ထပ်ရေးဖြစ်တာကို အားပေးဖတ်သူများအား ကျနော်တောင်းပြန်ပါတယ်။ ကျနော်ဟာ စာရေးဆရာမဟုတ်ပါ။ အတွေ့အကြုံနဲ့ အမြင်ကို ဖလှယ်ဝေငှာချင်သောသူ ဖြစ်တယ်။)

0 comments