၁၉၉၅-၉၆ ခန့်က မြေပြန့်မှာ မြေယာသိမ်းယူခြင်းခံရတဲ့ တောင်သူလယ်သမား တော်တော်များများက ဟိုပုံးလွင်ပြင်အရှေ့ဘက် တောင်တန်းတလျောက်သို့ ရောက်လာကြတယ်။ ပထမတော့ ဒေသခံသနပ်ဖက်ခြံပိုင်ရှင်များစီက သနပ်ဖက်ခြံမြေများကို ဌားရမ်းပြီးလုပ်ကြတယ်။ နောက်ပိုင်းတော့ အဲဒီသနပ်ဖက်ပင်ကြားမှာ ဘိန်းများကိုပါ စိုက်လာကြတယ်။ အဲလိုမျိုး ဘိန်းစိုက်တာဟာ ဒေသခံရွာသားများ ဝေဖန်လာတော့ ရွာက စာသင်ကျောင်းဆောက်လုပ်ရေး၊ ကျောင်းဆရာ/မ ထောက်ပံရေး၊ လမ်းများဖောက်လုပ်ရေး၊ ဘုန်းကြီးကျောင်းဇာရပ်ပြုပြင်ရေး အဲဒီအကြောင်းပြချက်နဲ့ အလှူငွေ သောင်းဂဏန်းမှ သိန်းဂဏန်းထိ ထဲ့ကြတယ်။ ရွာသူကြီးလဲ သာရေးနာရေးအတွက် တစ်အိမ်တက် တအိမ်ဆင်း ငွေလိုက်ကောက်တဲ့ အလုပ်ကို သက်သာစေတဲ့အတွက် စိုက်ခွင့်ပေးလိုက်တယ်။ နောက်ပိုင်းတော့ ဘိန်းလုပ်ငန်းဟာ အရင်းနည်းနည်းနဲ့ အချိန်တိုတိုအတွင်း ငွေအမြောက်အများရတာကို ဒေသခံရွာသားတွေက မြင်လာကြတော့ သူ့ထက်ကိုသာအောင် ပြိုင်ဆိုင်ပြီးစိုက်လာကြတယ်။ သနပ်ဖက်ပင်ကြားမှာ အကြီးအကျယ်စိုက်တော့ ပေါင်းပင်တွေကို ရှင်းမနိုင်ကြတော့ လုပ်အားများများလိုအပ်လာတယ်။ အဲဒီအချိန်မှာ အရွယ်ရောက်သူတိုင်းလိုလိုဟာ သူ့ဘိန်းစိုက်ခင်း ကိုယ့်ဘိန်းစိုက်ခင်း ရှိလာတော့ ဒေသခံမှာ ရှိတဲ့ ရွာသားတွေက နေ့စားလိုက်လုပ်တဲ့လူမရှိတော့ဘူး။ မြို့ဆင်ခြေဖုံးက အလုပ်လက်မဲ့တဲသူတွေ၊ မြို့နဲ့ နီးတဲ့ ကျေးရွာသားတချို့မှ လူတွေ လာရောက်ပြီး နေ့စားအလုပ်ကို လာလုပ်ကြတယ်။

ဘိန်းစိုက်ပျိုးသူအရေအတွက်များလာတော့ အစက ဒေသခံ ပီအဲန်အိုပုလိပ်များကို တိုးတိုးတိတ်တိတ်နဲ့ လဒ်ထိုးထားကြတယ်။ နောက်ပိုင်းတော့ မြို့ပေါ်က ရဲတွေ၊ မူးယစ်အဖွဲ့တွေပါ ရောက်လာပြီး ဘိန်းရောင်းဝယ်မှုပတ်သက်သော သူကို တစ်ယောက်နှစ်ယောက်ဖမ်းပြခဲ့တယ်။ ရွာသူကြီးနှင့် ဘိန်းရောင်းဝယ်သူတွေ အထာသိလာတော့ ရဲ၊ မူးယစ်၊ စစ်တပ် ရောက်လာပါက ခန်းခန်းနားနား ကောင်းကောင်းမွန်မွန်ဧည့်ခံ ဆွေးနွေးညှိနှိုင်းပြီး လဒ်ထိုးထားလိုက်တယ်။ ရဲတို့ မူးယစ်တို့တွေ ဘိန်းစိုက်ဒေသသို့ ရောက်လာတိုင်း သူတို့အလုပ်လုပ်နေပါတယ် ဆိုတဲ့အရင်ခံစာ သက်သေအတွက် အလွန်ညံဖျင်းတဲ့ ဘိန်းခြံတခြံကို ဖျက်စီးပြီး မှတ်တမ်းပုံတင်ထားခဲ့တယ်။ ရွာကနေထွက်မသွားခင် “နောက်နောင်ဆို ပန်းငရဲကို နှာဖူးပေါ်မှာ မစိုက်နဲ့ ကျောကုန်းမှာ စိုက်ပါ”လို့တောင် မှာသွားခဲ့သေးတယ်။

နောက်ပိုင်းတော့ လူတွေဟာ သနပ်ဖက်ပင်ကြားမှာ မစိုက်ကြတော့ဘဲ တောခုတ်ပြီး ဘိန်းတောင်ယာအသစ် ထောင်လိုက်ကြတယ်။ အဲလိုတောကို ခုတ်ရှင်းပြီး တည်ထောင်လိုက်တဲ့ ဘိန်းတောင်ယာဟာ ဘိန်းပင်ကြားက ပေါင်းပင်များ အနည်းအကျဉ်းသာပေါက်လာတဲ့အပြင် ဘိန်းခြစ်ချိန်ဆိုရင်လဲ သနပ်ဖက်ပင်ရိပ်ကွယ်ထားတာမျိုးမရှိတဲ့အတွက် နေရောင်ကောင်းကောင်း ရတယ်ဆိုတော့ ဘိန်းစီးပိုထွက်တယ်။ ပေါင်းရှင်းရတဲ့အလုပ်လည်း သက်သာတယ်။ မြေယာအသစ်ဆိုတော့ သဘာဝ သြဂဲနစ်ဓါတ်လဲများတယ်။ ပြီးတော့ တစ်နှစ်၊ နစ်နှစ် ကာလအတွင်းမှာ မြေကြီးထဲ့က ကျန်နေတဲ့ အပင်ရဲ့ အမြစ်တွေ ဆွေးပုတ်လာတော့ ဘိန်းအတွက် အရမ်းကိုကောင်းစေတယ်။ ဓါတ်မြေသြဇာဖိုးလဲ သက်သာစေတယ်။ ဒါကြောင့် ရွာသားတွေဟာ ယခင်က မမြင်ဖူးသော မော်တာနဲ ချိန်းကြိုးလွှတွေကို ၀ယ်လာကြပြီး ဆယ်စုနှစ်များစွာ သက်တမ်းရှိသော သစ်ပင်များကို အပြိုင်အဆိုင်ခုတ်လဲလာကြတယ်။

တောင်ပေါ်ကျေးရွာတိုင်းလိုလိုများဟာ ရွာပိုင်ဆိုင်တဲ့တောဧရိယာဆိုတာ ရှိကြတယ်။ ဘိန်းခြံအသစ်ထောင်ဖို့အတွက် သစ်တောတွေကို သူ့ထက်ငါဦးအောင် ပြိုင်ဆိုင်ခုတ်လိုက်တော့ တစ်ရွာနဲ့တစ်ရွာ သစ်တောဧရိယာကို ကျူးကျော်လာကြတယ်။ အဲလိုကျူးကျော်လာတော့ တစ်ရွာနဲတစ်ရွာ ပြဿနာတက်ပြီး ကျောင်းထိုင်ဘုန်းကြီးတို့ လိုက်ဖြေရှင်းပေးရတယ်။ မဖြေရှင်းပေးနိုင်တဲ့ ကျေးရွာတချို့က ပီအဲန်အို တပ်စခန်းဖြစ်တဲ့ အောင်ဆုဗွေ အထိရောက်ပြီး တပ်စခန်းတာဝန်ရှိသူက ဖြေရှင်းပေးရတာလဲ ကြားရတယ်။ ရွာသားအချင်းချင်းလဲ နှစ်ပေါင်းများစွာကတည်းက ပစ်ထားတဲ့ တောင်ယာ၊ မြေယာဟောင်းများကို သူ့ခြံကိုယ့်ခြံဆိုပြီး လုယူရန်ဖြစ်ကြတာလဲ တွေ့ရတယ်။ မိသားစုထဲ့က သူတို့ဘိုးဘွားပိုင်ထားတဲ့ တောင်ယာမြေဟောင်းများ ထင်းခြံများကို ဘိန်းစိုက်ခင်းထောင်ဖို့အတွက် သူ့ထက်ကိုယ်ဦးအောင် အပြိုင်အဆိုင်ခုတ်ရှင်းပြီး မောင်နှာမအချင်းချင်း ပြဿနာဖြစ်ကြတာလဲ မနည်းဘူး။ ငွေရလွယ်တဲ့ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းကြောင့် တစ်ရွာနဲ့တစ်ရွာ မကြည်ဖြူကြတော့တဲ့ပြဿနာ၊ မိသားစု တစ်စုနဲ့တစ်စု မနာလိုကြတဲ့ ပြဿနာ၊ မောင်နှာမအချင်းချင်း အမုန်းပွားလာကြတဲ့ ပြဿနာများဟာ တစ်နေ့ထက်တစ်နေ့ ဘိန်းစိုက်ခွင့်ရ တောင်ပေါ်ဒေသမှာ လွမ်းမိုးလာတယ်။ အဲလိုပြဿနာတွေ ဒေသအတွင်းမှာ လွမ်းမိုးလာတော့ ယခင်ကလို နေ့ကြီးရက်မြတ်အချိန် တွေမှာ ပွဲလမ်းသဘင်တွေလုပ်ရင် တစ်ရွာနဲ့တစ်ရွာ လာရောက်အားပေးတာတို့ ကူညီတာတို့ စတဲ့သွေးစည်းညီညွတ်မှုတွေ ရင်းနှီးမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတယ်။ ပျက်စီးပျက်ပြားလာတယ်။ သာရေးနာရေးအချိန်ဆိုရင်လဲ တစ်ဦးကို တစ်ဦး ရိုင်းပြင်းကူညီမှုကို လျစ်လျူရှုလာကြတယ်။

ဘိန်းနဲ့ပတ်သက်ပြီး လေ့လာမိသလောက်က တစ်နှစ်ကို သုံးကြိမ်စိုက်ကြတယ်။ ဒေသတစ်ခုနဲ့တစ်ခု စိုက်ချိန်က မတူကြဘူး။ ဘိန်းအမျိုးအစားဟာ အပွင့်ဖြူ၊ အပွင့်နီ၊ ခရမ်းရောင်အပွင့်၊ နီဖြူခရမ်း စတဲ့အရောင်စုံပါတဲ အပွင့် စတာတွေ လေးမျိုးတွေဖူးတယ်။ မတွေ့ဖူးသေးတဲ့ အပွင့်တွေလဲ ရှိကောင်းရှိမယ်။ ဘယ်လိုဘဲဖြင့်ဖြင့် အပွင့်ဖြူတဲ့ ဘိန်းအမျိုးအစားဟာ သက်တမ်းနည်းနည်းတိုတယ်။ ကျဲပြီးနှစ်လ သုံးလလောက်ရရင် အစီးကို ခြစ်ယူလို့ရပြီလို့ သိရတယ်။ အနီ၊ ခရမ်းရောင်နဲ့ အရောင်စုံတဲ့ အပွင့်ဟာ ကျဲပြီး ငါးလ၀န်းကျင်ကြာမှ အစီးကို ခြစ်ယူလို့ရတယ်လို့ ပြောကြတယ်။ မြေသြဇာကောင်းကောင်းရတဲ့ ဘိန်းခြံဆိုရင် ဘိန်းပင်ဟာ လူတရပ်စာလောက်ရှိတယ်။ နောက်ပြီး တစ်ပင်ကို လေးငါးလုံးလောက်သီးတယ်။ အသီးလည်း ကောက်သီးနှင့် ဘီးလစ် (snooker) အလုံးလောက်ရှိတယ်။ အဲလောက်ဘိန်းသီးဟာ တစ်ခါခြစ်ရင်လည်း ခြစ်တံကို နှစ်ချက်ခြစ်လို့ရတယ်။

မိုးရာသီမှာ စိုက်တဲ့ဘိန်းဟာ ဧပြီလနှင့် မေလ၀န်းကျင်တွင် ကျဲပြီး သြဂုတ်လနဲ့ စက်တင်ဘာလ ၀န်းကျင်မှာ ခြစ်တယ်။ မိုးတွင်းကာလစိုက်တဲ့ ဘိန်းဟာ များသောအားဖြင့် အပွင့်ဖြူတဲ့ ဘိန်းကိုစိုက်ကြတာများတယ်။ ဘိန်းခြစ်ရင်လဲ များသောအားဖြင့် မနက်ပိုင်းအချိန်မှာ ခြစ်ပြီးတော့ တစ်ယောက်က ရှေ့မှာ ဘိန်းသီးကို ခြစ်သွားပြီး လူတစ်ယောက်က နောက်ကနေ ဘိန်းစီးကို လိုက်ခြစ်ယူရတယ်။ ဘိန်းစီးများကို မိုးရေထဲ့ ပျက်စီးမသွားအောင် ဘိန်းမခြစ်ခင်မှာ မိုးအခြေအနေကို သေချာလေ့လာအကဲခတ်ကြပြီးမှ ခြစ်ယူကြတယ်။ နောက်ပြီး လေအခြေအနေကိုလည်း ကြည့်ရသေးတယ်။ လေတအားတိုက်နေတဲ့အချိန်မှာ ဘိန်းခြစ်လို့ရှိရင် ဘိန်းစီးသိပ်မတွက်ဘူးလို့ သိရတယ်။ မိုးရာသီက ထွက်သောဘိန်းစီးဟာ အလေးချိန်ပေါ့ပြီး ဈေးလဲ တခြားရာသီက ထွက်တဲ့ ဘိန်းစီးလောက် မရဘူး။ ဘိန်းအရသာလဲ တခြားရာသီ ဘိန်းအရသာလောက် မမီဘူးလို့ ဘိန်းသုံးစွဲသူတွေက ပြောကြတာကို သိရတယ်။

ဆောင်းရာသီမှာ စိုက်တဲ့ဘိန်းဟာ စက်တင်ဘာနဲ့ အောက်တိုဘာလ၀န်းကျင်မှာ ကျဲပြီးတော့ ဇန္န၀ါရီလနဲ့ ဖေဖော်ဝါရီလမှာ ခြစ်ယူကြတယ်။ ဒီရာသီမှာဆိုရင် အဖြူ၊ အနီ၊ ခရမ်း၊ အရောင်စုံ ပါတဲ့အပွင့် စတဲ့ ဘိန်းအမျိုးအစားအားလုံးကို စိုက်ကြတယ်။ ဆောင်းရာသီဘိန်းဟာ ကျောက်ခဲစရစ်ပေါများပြီး ဆီးနှင်းထူပြောတဲ့မြေနေရာတွင် အရမ်းဖြစ်ထွန်းတယ်။ ကျဲထားသော ဘိန်းများဟာ လက်တထွာအရွာရောပြီဆိုရင် စိပ်နေတဲ့ အပင်တွေကို ကျဲးပေးရတယ်။ ပြီးတော့ သုံးလက်မခန့်ရှိတဲ့ ပေါက်ပြားငယ်နဲ့ အဲဒီအပင်ကြားက မြေကြီးကို ဆွပေးရတယ်။ ပေါင်းရှင်းပေးရတယ်။ မြေသြဇာထဲ့ပေးရတယ်။ ဘိန်းပင် လက်တစ်ထွာ နှစ်ထွာအရွယ်ဆိုရင် မြေအစိုဓါတ်မပျက်အောင် ဆီးနှင်းများများ လိုအပ်တယ်။ ပြီးတော့ ခြစ်တဲ့ရာသီရောက်ရင်လဲ အပူဓါတ်လိုအပ်တယ်။ နေပူလေ အစီးကပိုတွေလာလေဖြစ်တယ်။ ဒီရာသီမှာ စိုက်တဲ့ဘိန်းဟာ ကျောက်ခဲစရစ်များတဲ့ ဘိန်းခြံဆိုရင် ဘိန်းစီးထွက်ကောင်းတယ်လို့ ပြောဆိုကြတယ်။ ဘိန်းခြစ်ချိန်မှာဆိုရင် လေမတိုက်စေရဘူး။ လေတိုက်နေတဲ့အချိန်မှာ ခြစ်မယ်ဆိုရင် ဘိန်းအစီးထွက်နည်းတယ်။ ဘိန်းသီးကို မနက်ပိုင်းခြစ်ပြီးတော့ ညနေပိုင်းမှာ အစီးကို ခြစ်ယူကြတယ်။

နွေရာသီမှ စိုက်တဲ့ဘိန်းဟာ ဇန္န၀ါရီလနဲ့ ဖေဖော်ဝါရီလမှာ ကျဲပြီး မိုးမကျခင်မှာ အစီးကို ခြစ်ယူကြတယ်။ ဒီရာသီစိုက်တဲ့ဘိန်းဟာ ရေသွင်းပေးရတယ်တော့ ရေအလွယ်တကူ ရနိုင်တဲ့ နေရာမှာဘဲ စိုက်ကြတာ များတယ်။ ဒီရာသီမှာ ဘိန်းအမျိုးအစားအားလုံးကို စိုက်ကြပြီးတော့ ဆောင်းရာသီမှာ စိုက်တဲ့ ဘိန်းအတိုင်း လုပ်ကိုင်ကြတယ်။ တချို့ဆေးလိပ်သုံးစွဲတတ်သော လူငယ်တွေဟာ ဘိန်းခြစ်နေချိန်မှာ ဘိန်းစီးများကို မိမိတို့ ဆေးဖက်ကြမ်းလိပ်ပေါ်မှာ အနည်းငယ် ကပ်ထားပြီး ဆေးလိပ်သောက်ကြရာမှ နောက်ပိုင်းမှာ ဘိန်းစွဲလာကြတယ်။ ဘိန်းစိုက်သောသူများဟာ တောင်တက်တောင်ဆင်းအလုပ်ကို နေ့စဉ် သွားလာလှုပ်ရှားရတာကြောင့် ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ အကြောညောင်းတာတို့ ကိုက်ခဲတာတို့ကို ပျောက်အောင်ဆိုပြီး ဘိန်းဆေးမီးတိုနည်းနဲ့ ဖြေရှင်းကြတာကြောင့် နောက်ဆုံးတော့ ဘိန်းစားဘ၀ရောက်ကြတာ များတယ်။

ဘိန်းစိုက်ပျိုးလုပ်ကိုင်မှုများလာတော့ နေရာတကာမှာသစ်တောပျက်စီးမှုလဲများလာတယ်။ မြေဆီခန်းလာပြီး တချိန်တည်းမှာဘဲ သီးနှံဖျက်ပိုးလည်း ထူလာတယ်။ ဘိန်းအထွက်ကောင်းကောင်းနဲ့ စိုက်ခင်းကျဉ်းကျဉ်းထဲ့မှာ ဘိန်းစီးများများရအောင်ဆိုပြီး ဓါတ်မြေသြဇာဖြစ်တဲ့ ပုလဲ၊ ဆူပါတို့ကို အပြိုင်အဆိုင်သုံးလာကြတယ်။ တချို့က ဟိုပုံးမြို့နဲ့ တောင်ကြီးမြို့ကြားက နမ်းဆီးဒေသမှာ မွေးမြူထားတဲ့ ဥစားကြက် မစင်ချီးများကို လုပြီးဝယ်ယူကြတယ်။ ဘိန်းခြံဟာ ကြက်ချီးထဲ့ရင် ဘိန်းတွေ အသီးများလာတယ် အပင်လည်း သန်မြန်တယ်လို့ ပြောကြတယ်။ နောက်ပိုင်းမှာဆိုရင် ပိုးတွေမဖျက်စီးအောင်လဲ ပိုးသတ်ဆေးတို့ အသုံးများလာကြတယ်။ အပိုင်း (၆) မျော်

0 comments